Law and Human Rights

အာဖဂန်နစ္စတန် - တာလီဘန်တို့၏ ပြစ်မှုဆိုင်ရာ စည်းမျဉ်းသစ်သည် အမျိုးသမီးများနှင့် လူနည်းစုများကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်များဖြင့် ပစ်မှတ်ထားနေ

March 06, 2026



အာဖဂန်နစ္စတန် 

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ ဥပဒေရေးရာ ခွဲခြမ်းစိတ်ဖြာချက်အသစ်အရ တာလီဘန်ခေါင်းဆောင်က မကြာသေးမီက အတည်ပြုလိုက်သော ပြစ်မှုဆိုင်ရာ စည်းမျဉ်းသစ်သည် အမျိုးသမီးများနှင့် လူနည်းစုများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများကို ပိုမိုဆိုးရွားလာစေမည်ဖြစ်ကြောင်း သိရသည်။

တရားရုံးများ၏ ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်းမျဉ်း" (Criminal Procedure Regulation of the Courts) ဟုခေါ်သော အဆိုပါ ဥပဒေသစ်သည် အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုကို အရိုးကျိုးခြင်း သို့မဟုတ် ထင်ရှားသော ဒဏ်ရာရရှိမှသာ ပြစ်မှုအဖြစ် သတ်မှတ်ထားသည်။ ထို့ပြင် ခင်ပွန်းဖြစ်သူ၏ ခွင့်ပြုချက်မပါဘဲ မိသားစုဝင်များထံ ပုံမှန်သွားရောက်လည်ပတ်ပြီး နေရပ်ပြန်ရန် တရားရုံး၏ အမိန့်ကို ငြင်းဆန်သော အမျိုးသမီးများကို ထောင်ဒဏ် ၃ လ ကျခံစေရန် ပြဋ္ဌာန်းထားသည်။ ဤအချက်များသည် အမျိုးသမီးများ၏ လွတ်လပ်စွာ သွားလာခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်သည်။

 ဘာသာရေးနှင့် ယုံကြည်မှုပိုင်းတွင်လည်း တာလီဘန်တို့ ကိုင်စွဲထားသည့် ဆွန်နီအစ္စလာမ်ဘာသာ၏ ဟာနာဖီ (Hanifi) ဂိုဏ်းမှ သွေဖည်သူများကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရန် ပြဋ္ဌာန်းထားပြီး၊ ဆွန်နီအစ္စလာမ်၏ ယုံကြည်ချက်များနှင့် ဆန့်ကျင်သူများကို မိစ္ဆာဒိဋ္ဌိ (heretics) အဖြစ် သတ်မှတ်ထားသောကြောင့် လူနည်းစု ဘာသာဝင်များအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။

ဤစည်းမျဉ်းသစ်သည် ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းဖြင့် ပြစ်ဒဏ်ပေးခြင်းနှင့် ကြိမ်ဒဏ်ပေးခြင်းကဲ့သို့သော နှိပ်စက်ညှဉ်းပန်းမှုများကို တရားဝင်ဖြစ်စေသည်။ တာလီဘန်ခေါင်းဆောင်ကို စော်ကားခြင်း၊ ဥပုသ်မစောင့်ခြင်းစသည့် ပြစ်မှုများအတွက် ကြိမ်ဒဏ်များ ချမှတ်ရန် ပြဋ္ဌာန်းထားသည်။ ပြစ်မှုကျူးလွန်သူများကို လူမှုအဆင့်အတန်းအလိုက် ခွဲခြားကာ အထက်တန်းလွှာနှင့် ပညာရှင်များကို သတိပေးရုံသာပြုလုပ်ပြီး၊ အလယ်အလတ်တန်းစားကို ထောင်ဒဏ်၊ အောက်ခြေလူတန်းစားကိုမူ ကြိမ်ဒဏ်နှင့် ရိုက်နှက်ခြင်းစသည့် ပြစ်ဒဏ်များ ချမှတ်ရန် ခွဲခြားသတ်မှတ်ထားသည်။

အဆိုးရွားဆုံးအချက်များထဲတွင် 'အလေ့အထဖြစ်နေသော လိင်တူဆက်ဆံခြင်း' အပါအဝင် ပြစ်မှုများစွာအတွက် အီမာမ် (Imam) ၏ ဆုံးဖြတ်ချက်ဖြင့် သေဒဏ်ချမှတ်ရန် ခွင့်ပြုထားပြီး၊ ပြဋ္ဌာန်းချက်အချို့တွင် "သခင်" နှင့် "ကျွန်" ဟူသော ဝေါဟာရများကို အသုံးပြုထားကာ ကျေးကျွန်စနစ်ကိုပါ တရားဝင် အသိအမှတ်ပြုထားခြင်းပင် ဖြစ်သည်။

Amnesty International ၏ တောင်အာရှဒါရိုက်တာ Smriti Singh က "ဒီစည်းမျဉ်းဟာ ဖိနှိပ်နေပြီဖြစ်တဲ့ ဥပဒေစနစ်ကို ပိုမို ရက်စက်ကြမ်းကြုတ်စေပါတယ်" ဟု ပြောကြားခဲ့သည်။ Amnesty International အနေဖြင့် တာလီဘန်များအား ဤဖိနှိပ်သော စည်းမျဉ်းကို ချက်ချင်းရုပ်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း တာလီဘန်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြတ်သားစွာ ရှုတ်ချကြရန် တောင်းဆိုထားသည်။

Ref List:

Amnesty International. (2026a, March 6). Afghanistan: New criminal regulation targets women and minority groups with ever-harsher punishments. https://www.amnesty.org/en/latest/news/2026/03/afghanistan-new-criminal-regulation-targets-women-and-minority-groups-with-ever-harsher-punishments/.

Amnesty International. (2026b, March 6). The Taliban must immediately revoke the criminal procedure regulation of the courts (Report No. ASA 11/0782/2026). https://www.amnesty.org.