Law and Human Rights

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခအကြောင်း သတင်းရေးသားခဲ့သည့် ကမ္ဘောဒီးယားသတင်းထောက်နှစ်ဦး နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရ

February 27, 2026

 

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခနှင့်ပတ်သက်၍ သတင်းရေးသားတင်ဆက်ခဲ့သော ကမ္ဘောဒီးယား သတင်းထောက်နှစ်ဦးဖြစ်သည့် Pheap Phara နှင့် Phon Sopheap တို့သည် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။ Pheap Phara သည် TSP 68 TV Online မှဖြစ်ပြီး Phon Sopheap သည် Battambang Post TV Online မှ သတင်းထောက်တစ်ဦး ဖြစ်သည်။ ၎င်းတို့နှစ်ဦးအား နိုင်ငံတော်ကာကွယ်ရေးကို ထိခိုက်စေနိုင်သော အချက်အလက်များကို နိုင်ငံခြားတိုင်းပြည်တစ်ခုသို့ ပေးအပ်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၄၄၅ အရ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသတင်းထောက်နှစ်ဦးသည် ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်တွင် အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး၊ ဖမ်းဆီးမခံရမီက ကန့်သတ်နယ်မြေဖြစ်သော Ta Krabei ဘုရားကျောင်းအနီးတွင် ကမ္ဘောဒီးယားစစ်သားများ၊ မပေါက်ကွဲသေးသော မြေမြှုပ်မိုင်းများနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။ ထိုင်းမီဒီယာများက အဆိုပါဓာတ်ပုံများကို ပြန်လည်ဖော်ပြခဲ့ပြီး ကမ္ဘောဒီးယားတပ်ဖွဲ့များသည် ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်းတားမြစ်ရေးစာချုပ်ကို ချိုးဖောက်ကာ အဆိုပါဒေသတွင် မြေမြှုပ်မိုင်းအသစ်များ ထောင်နေကြောင်း စွပ်စွဲခဲ့သည်။ သို့သော် ကမ္ဘောဒီးယားအစိုးရဘက်ကမူ ယင်းမိုင်းများသည် ဆယ်စုနှစ်များစွာကြာပြီဖြစ်သော ပဋိပက္ခများမှ ကျန်ရစ်သည့် ဟောင်းနွမ်းနေသော မိုင်းများသာဖြစ်ကြောင်း တုံ့ပြန်ငြင်းဆိုခဲ့သည်။

၎င်းတို့၏ အမှုအတွက် တရားခွင်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သော်လည်း သတင်းထောက်များက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် အယူခံဝင်သည့်အချိန်မှသာ ဤပြင်းထန်သော ထောင်ဒဏ်ချမှတ်ခံရသည့် သတင်းမှာ လူသိရှင်ကြား ထွက်ပေါ်လာခြင်း ဖြစ်သည်။ လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံးသည် ဆီရမ်ရိ (Siem Reap) အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

အာဏာပိုင်များသည် နယ်စပ်ပဋိပက္ခကို သတင်းရေးသားသည့် အခြားသော သတင်းထောက်များဖြစ်သော Meas Sara နှင့် Luot Sophal တို့ကိုလည်း မကြာသေးမီက ဖမ်းဆီးတရားစွဲဆိုထားသည်။ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများဖြစ်သည့် IFJ၊ CamboJA၊ Human Rights Watch နှင့် CPJ တို့က ဤပြင်းထန်သော ပြစ်ဒဏ်ချမှတ်မှုကို ပြင်းထန်စွာ ရှုတ်ချထားပြီး သတင်းမီဒီယာများကို နှုတ်ပိတ်ရန် ဥပဒေများကို အလွဲသုံးစားလုပ်နေခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။ CPJ မှ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က "သတင်းရေးသားခြင်းကို နိုင်ငံတော်သစ္စာဖောက်မှုအဖြစ် သတ်မှတ်ခြင်းသည် ရယ်စရာကောင်းလွန်းပြီး ကမ္ဘောဒီးယားအာဏာပိုင်များအနေဖြင့် သတင်းများကို ဖိနှိပ်ရန် မည်မျှအထိ လုပ်ဆောင်နေကြောင်း ပြသနေသည်" ဟု ပြောကြားခဲ့သည်။

Ref List:

Committee to Protect Journalists. (2026, February 20). Cambodian journalists Pheap Phara and Phon Sopheap given 14-year prison sentences for treason. https://cpj.org/?p=563888.

International Federation of Journalists. (2026, February 27). Cambodia: Two journalists jailed for 14 years under treason law. https://www.ifj.org/media-centre/news/detail/category/press-releases/article/cambodia-two-journalists-jailed-for-14-years-under-treason-law.

Lau, B. (2026, February 26). Cambodian journalists unjustly sentenced to 14 years. Human Rights Watch. https://www.hrw.org/news/2026/02/26/cambodian-journalists-unjustly-sentenced-to-14-years.